You are here
Home > Business News > မြန်မာ့လူဦးရေအတွက် အိမ်/တိုက်ခန်း ၅ သန်းနီးပါး လိုအပ်မည်ဟုဆို

မြန်မာ့လူဦးရေအတွက် အိမ်/တိုက်ခန်း ၅ သန်းနီးပါး လိုအပ်မည်ဟုဆို

လာမည့် ၂၀၄၀ ပြည့်နှစ်၌ တိုးပွားလာမည့် မြန်မာ့လူဦးရေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူနေအိမ်နှင့် တိုက်ခန်း ၄.၈ သန်း လိုအပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အိမ်ရာဖွံ့ဖြိုးရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလွင်ဦးက ပြောသည်။
၁၉၈၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း တိုးပွားခဲ့သော လူဦးရေ တိုးနှုန်းကို အခြေခံ၍ ၂၀၄၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုအပ်မည့် အိမ်နှင့် တိုက်ခန်းအရေအတွက်ကို ခန့်မှန်းတွက်ချက်ထားကြောင်း၊ ၁၉၈၃ ခုနှစ်၌ မြန်မာ့ လူဦးရေသည် ၃၅ သန်းကျော်သာရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၅၁ သန်းကျော်အထိ တိုးပွားလာခဲ့ကြောင်း၊ ယင်းနှုန်းထားအတိုင်း တွက်ချက်ပါက ၂၀၄၀ ပြည့်နှစ်တွင် လူဦးရေ သန်း ၇၀ ကျော်အထိ ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “မြန်မာ့လူဦးရေအတိုးနှုန်းအတိုင်းဆိုရင် အိမ်နဲ့ တိုက်ခန်းက လာမည့် ၂၀၄၀ ပြည့်နှစ်မှာ ၄.၈ သန်းလောက်လိုမှာပါ။ ရန်ကုန်တစ်မြို့တည်းမှာတင် အိမ်နဲ့ တိုက်ခန်းပေါင်း ၁ သန်းကျော် လိုအပ်မှာပါ။ အိမ်ရာ လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးနိုင်ဖို့ဆောင်ရွက်နေပါတယ်။ တစ်နှစ်ကို အိမ်ခန်းပေါင်း ၈၀၀၀ လောက်အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေပါတယ်။ ကျန်တဲ့အိမ်နဲ့ တိုက်ခန်းလိုအပ်ချက်တွေကို တိုင်းနဲ့ ပြည်နယ်အစိုးရတွေနဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးတွေနဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top