You are here
Home > Business News > မန္တလေးအိမ်ခြံမြေဈေးကွက် အားသာချက်များ ရှိလာ

မန္တလေးအိမ်ခြံမြေဈေးကွက် အားသာချက်များ ရှိလာ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ဦးပိုင်မြေကွက်များကို ဂရန်ခွဲစိတ် လျှောက်ထားခြင်းအား ပယ်ဖျက်ထားပြီး စတုရန်းပေ ၁၂၀၀ အောက်မြေကွက် မြေများကို ဂရန်ထုတ်ပေးရန် သတ်မှတ်လိုက်ခြင်းကြောင့် အိမ်ခြံမြေဈေးကွက် အားသာချက်များ ရှိလာသည်ဟု မြို့ခံ အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဧရိယာစတုရန်းပေ ၁၂၀၀ အောက်ရှိပြီး မြေကွက်ပေါ် တွင် အဆောက်အအုံဖြင့်နေထိုင်ခြင်း ၀င်လမ်းထွက်လမ်းကောင်းမွန်မှုရှိခြင်း၊ ကျန်းမာရေးနှင့် မီးဘေးအန္တရာယ် ထိခိုက်မှုမရှိခြင်း စသည့်အချက်များနှင့် ကိုက်ညီပါက မြေတည်ရှိရာမြို့နယ်၊ မြေအမျိုးအစားအလိုက် မြေဂရန် ထုတ်ပေးသွားမည်ဖြစ်ကြောင်း နှင့် မန္တလေး စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲ မှုဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း၊ သြဂုတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ “မြေကွက်ငယ်တွေကို အမည်ပေါက်လုပ်ခွင့်ပြုတဲ့အတွက် မြေယာနဲ့ ဆိုင်တဲ့ အမှုအခင်းတွေ၊ အရှုပ်အရှင်းတွေ နည်းသွားနိုင်ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ အတွက် ချေးငွေရဖို့အတွက်လည်း လုပ်ဆောင်နိုင်ပါတယ်။ တန်ဖိုးမြင့်မြေကွက်တွေကို မ၀ယ်နိုင်တဲ့ သူတွေက မြေကွက်ငယ်တွေကို ၀ယ်ယူလေ့ရှိ တယ်ဆိုတော့ မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အားသာချက်တွေ ရှိလာမှာပါ”ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။
မန္တလေးအိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးနေသော်လည်း လတ်တလောတွင် ကျပ်သိန်း ၅၀၀ နှင့် ကျပ်သိန်း ၁၀၀၀ ကြားရှိ မြေကွက်များကို ၀ယ်ယူရန် စိတ်ဝင်စားမှုမြင့်တက်လာသည်ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

Leave a Reply

Top