You are here
Home > Business News > သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၁.၇ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထား

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၁.၇ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်အကောင်အထည်ဖော်နေသော သီလ၀ါ အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်ပြီးပါက ဒေါ်လာ ၁.၇ ဘီလီယံအထိ လာရောက် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားသည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။
လက်ရှိအချိန်တွင် သီလ၀ါ အထူးစီးပွားရေးဇုန် (A) တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၈၂ မှ လာရောက် ရင်းနှီးမြှုပ်နှံ၍ အထည်ချုပ်လုပ်ငန်း၊ ရှူးဖိနပ်လုပ်ငန်း၊ အရုပ်စက်ရုံ၊ ကားအပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း၊ သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ စက်ရုံများသည် သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်သည့်စက်ရုံများဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်း၊ အစားအစာနှင့် အလူမီနီယမ်၊ စက်သုံးဆီ၊ လယ်ယာသုံးစက်ကိရိယာများ၊ ဆေးဝါး၊ ဓာတ်မြေသြဇာ စသည်တို့ကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ပြောသည်။ “သီလ၀ါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ပြီးရင်တော့ ခန့်မှန်းခြေအားဖြင့် နိုင်ငံတကာ ကုမ္ပဏီပေါင်း ၁၅၀ က ဒေါ်လာ ၁.၇ ဘီလီ ယံဖိုးလာရောက်ရင်းနှီးမြှုပ်နှံမယ်လို့ မျှော်လင့်ထားပါတယ်။ ၂၀၁၇ မေလကုန်အထိ ဂျပန်နိုင်ငံက ဒေါ်လာ ၄၆၈ သန်းကျော်နဲ့ အများဆုံးရင်းနှီးမြှုပ်နှံထားပြီး ထိုင်းနိုင်ငံက ဒေါ်လာ ၁၃၄ သန်းကျော်အထိ ဒုတိယအများဆုံးလာ ရောက် ရင်းနှီးမြှုပ်နှံထားပါတယ်” ဟု ၀န်ကြီးက ပြောသည်။

Leave a Reply

Top