You are here
Home > Business News > BPI ဆေးများကို ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းထုတ်လုပ်မည်

BPI ဆေးများကို ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းထုတ်လုပ်မည်

စက်မှုဝန်ကြီးဌာနမှ ဦးစီးထုတ်လုပ်လျက်ရှိသော BPI အမှတ်တံဆိပ်ဆေးဝါးများသည် ထုတ်လုပ်နိုင်သည့် အရေအတွက်ထက် ၀ယ်လိုအားများနေခြင်းကြောင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းထုတ်လုပ်သွားမည်ဟု ယင်းဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
BPI အမှတ်တံဆိပ်ဆေးဝါးများကို ရန်ကုန်နှင့် ကျောက်ဆည်၌ရှိသော ဆေးဝါးစက်ရုံများမှ ထုတ်လုပ်နေပြီး ယခုဘဏ္ဍာရေးနှစ်၌ စက်ရုံနှစ်ခုပေါင်းမှ ငွေကျပ် ၃၈ ဘီလီယံဖိုး ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း၊ စက်မှုဝန်းကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများကို ဆေးဝါးထုတ်လုပ်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ်မှစတင်၍ လိုင်စင် ၇ ခု ချထားပေးခဲ့ပြီးဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဆေးဝါးစက်ရုံများမှ ဆေးပြား ၆၉ မျိုး၊ ဆေးမှုန့် ၁ မျိုးနှင့် ထိုးဆေး ၆၄ မျိုးတို့ကို ထုတ်လုပ်ထားကြောင်း ၎င်းက ပြောသည်။ “ယခုနှစ်အတွက် ဆေးဝါးအမှာစာအနေနဲ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကာကွယ် ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဆေးရုံတွေရဲ့ အမှာစာမှာတင် ငွေကျပ် ၄၈ ဘီလီယံဖိုး ရှိပါတယ်။ ပုဂ္ဂလိက ၀ယ်လိုအားအနေဲ့ကလည်း ငွေကျပ် ၆၀ ဘီလီယံဖိုးအထိ ရှိနေတဲ့အတွက် ထပ်တိုးထုတ်လုပ်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ပုဂ္ဂလိကတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

Leave a Reply

Top