You are here
Home > Business News > သရက်သီးနှင့် လက်ဖက်ပြပွဲ၊ ပြိုင်ပွဲ ကျင်းပမည်

သရက်သီးနှင့် လက်ဖက်ပြပွဲ၊ ပြိုင်ပွဲ ကျင်းပမည်

မန္တလေးမြို့၌ ပထမဆုံးအကြိမ်အဖြစ် သရက်သီးနှင့် လက်ဖက်ပြပွဲ၊ ပြိုင်ပွဲကို လာမည့် မေလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ မန္တလာသီရိဘောလုံးကွင်း၌ ကျင်းပပြုလုပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး၊ သရက်အစုအဖွဲ့ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြောသည်။
အဆိုပါ သရက်သီးနှင့် လက်ဖက်ပြပွဲပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့မျိုးရင်း သရက်သီးအားလုံးကို ပြည်သူများသိရှိအောင် ပြသသွားမည်ဖြစ်ပြီး တောင်သူများအား အသိပေးသည့်အစီအစဉ်များ ပါဝင်မည်ဖြစ်ရာ မိုင် ၅၀ ပတ်လည်အတွင်းရှိ တောင်သူများကို ကားဖြင့် အခမဲ့ခေါ်ယူမည်ဖြစ်ကြောင်း၊ လာရောက်ပြသမည့် သရက်သီးများကို အမျိုးအစားအလိုက် ဆုများပေးအပ်သွားမည်ဟု ၎င်းက ပြောသည်။ “ဒီပြပွဲမှာ မြန်မာတစ်နိုင်ငံလုံးက လုပ်ငန်းရှင်တွေ ပါဝင်ပြသမှာ ဖြစ်ပါတယ်။ သရက်သီး ၂၈ ခန်းနဲ့ လက်ဖက် ၂၈ ခန်းပါဝင် မှာဖြစ်ပါတယ်။ သရက်သီးအနေနဲ့ကတော့ ပထမဆုံးပြုလုပ်တဲ့ ပွဲတော်ဖြစ်ပါတယ်။ သရက်ပင်ဘယ်လိုစိုက်မယ်၊ သရက်သီးကို ဘယ်လို ခူးမယ်ဆိုတာကို အသေးစိတ်ပြသမှာဆိုတော့ လေ့လာသူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်မှာပါ။ မြန်မာ့ သရက်သီးမျိုးရင်းက ၂၀၀ ကျော်လောက် ရှိပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Reply

Top